Saturday, September 20, 2014

အိမ်သုံးမဂ္ဂင်ရှစ်ပါး .......

အိမ်သုံးမဂ္ဂင်ရှစ်ပါး ......
         ၁။ သမ္မာဒိဋ္ဌိ - ဘယ်ကိစ္စမဆို ကောင်းမှု, မကောင်းမှုကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်။

နောင်အခါအခွင့်သင့်သလို ကောင်းကျိုး, မကောင်းကျိုးကို တွေ့ကြုံရမည်-ဟု ကံ၏ အကျိုးကို နားလည်သော

`ဥာဏ်ဖြစ်ပါစေ .....။


         ၂။ သမ္မာသင်္ကပ္ပ - မိမိအတွက်ဖြစ်စေ သူများအတွက်ဖြစ်စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်
မရှိဘဲ အကျိုးများမည့်အကြံကိုသာ ကြံပါ၊ သူတစ်ပါးပျက်စီးသွားမည့်အကြံ၊ ဆင်းရဲသွားမည့်အကြံများကို

မကြံမိပါစေနဲ့၊ မေတ္တာ ကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား "လူ့လုပ်ငန်းကိစ္စကို
ဖြတ်၍ သင့်တော်ရာအရပ်၌ ဥပုသ်ရက်ရှည်စောင့်ကာ ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်"ဟု ကြံပါ။

         ၃။ သမ္မာဝါစာ - မိမိမှာဖြစ်စေ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာ ပြောပါ၊ မုသားစကား၊ ကြမ်း
တမ်းသောစကား၊ အပျက်အချော်၊ အပြောင်အလောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။
အိပ်ရာဝင် အိပ်ရာထ အခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာပေများကို ရွတ်နိုင်
လျှင် သာ၍ ကောင်းပါသည်။


         ၄။ သမ္မာကမ္မန္တ - မိမိမှာဖြစ်စေ သူများဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်
မိပါစေ၊ သတ်မှု ခိုးမှုစသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်။ အိပ်ရာ အိပ်ရာထများတွင်
ဗုဒ္ဓဝေယျာဝစ္စ (ရေလဲ ပန်းကပ်) စသည်ကို နေ့စဉ် ပြုလုပ်မိပါစေ။


         ၅။ သမ္မာအာဇီဝ - မိမိအသက်မွေးကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ၊ သူတစ်ပါး မျက်ရည်ကျပြီးမှ မိမိဝမ်းဝမည့်အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ။ စွမ်းနိုင်လျှင် ရောင်းရေးဝယ်ရာ စသည်တို့၌ ဆင်းရာသူများကို ညှာတာနိုင်သမျှ  ညှာတာပါ။

         ၆။ သမ္မာဝါယာမ -စီးပွားရှာ၌ဖြစ်စေ ကုသိုလ်ကိစ္စ၌ဖြစ်စေ ၀ီရိယအမြဲရှိပါစေ၊ လောကီစီးပွားရေး
ဖြစ်စေ၊ သံသရာကြီးပွားရေးဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ၊ အေးအေးစက်စက်နှင့် ကံစီမံသလို
ဖြစ်လိမ့်မည်ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင်ရိုး မရှိပါ။ ရေလားမြောင်းပေးဆိုသလို ၀ီရိယဖြင့် ကူညီပေးမှ
ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။


         ၇။ သမ္မာသတိ - နေ့စဉ်ပြုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်။ အမြဲသတိရပါစေ၊ သေခါနီး
တိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချရပါတော့မည်။


         ၈။ သမ္မာသမာဓိ - စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိ-
ထားလျက် တည်ကြည်စွာ ပြောပါ၊ မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက်
တည်ကြည်နေလျှင် မြင်နေသူ လူအများက ခန့်ညားကြည်ညိုလျက် မျက်နှာအနေမကင်းသည့် အတွက်လည်း
တစ်မျိုးကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။

                                                                                အရှင်ဇနကာဘိဝံသ၊ ရတနာဂုဏ်ရည်

No comments:

Post a Comment